* ချစ်ကြည်အပ်စွာ၊ မျိုး ၁၀-ဖြာ၊ လိုက်နာဘယ်သို့ကျင့်မည်နည်း .....
* သြ၀ါဒထူးပျို့၌ ချစ်ကြည်ရာသည်ဆယ်ပါးကိုဤသို့ကျင့်ဆောင်ရန် မိန့်ကြား၏။
* ချစ်ကြည်ရာသည် ဆယ်ပါးမည်ကား၊
၁။ သွေးရည်ရင်နှစ်၊ သားကိုချစ်က၊
ကျိုးပြစ်ပြသ၊ ဆုံးမနိုင်စေ၊
၂။ အိမ်နေမယား၊ ခင်ပွန်းအားကို၊ ရှုစားကြင်ကျွမ်း၊
စူးစမ်းမြော်တင်း၊ စိုင်းပြင်းနိုင်စေ၊
၃။ ရိုသေအပ်လှ၊ မိနှင့်ဖကို၊ ဒေါသပြစ်ဝေး၊ ချစ်မြတ်လေးက၊ လုပ်ကျွေးတမူ၊ မွေးမြူပြုစု၊ ကြည့်ရှုနိုင်စေ၊
၎။ သျှင်ဧကရာဇ်၊ မင်းကိုချစ်က၊ ပုဆစ်တုပ်ပျပ်၊ မြဲကြပ်ထံပါး၊ ခစားနိုင်စေ၊
၅။ တွက်ရေရှည်ကြာ၊ သံသရာကို၊ မေတ္တာထောက်ပံ့၊ ချစ်ပန်းပျံ့က၊ နူးညံ့စိတ်စေ၊
၆။ ကျွန်ခြွေရွေကို၊ အသေအချာ၊ ချစ်ကြင်နာက၊ ဥစ္စာပေးကမ်း၊ ဖုံးလွမ်းနိုင်စေ၊
၇။ ဖေါ်ရွေသင်းပင်း၊ အိမ်နီးချင်းကို၊ ရောင်းရင်းဆံလှံ၊ မေတ္တာကျံက၊ သည်းခံနိုင်စေ၊
၈။ ဆွေခင်ပွန်းကို၊ ချစ်ကြည်ညိုမူ၊ ယွင်းယိုမရှိ၊ သတိမြဲစေ၊
၉။ မျိုးဆွေတို့အား၊ ချစ်ကြည်ငြားက၊ သွားလား တက်သက်၊ ပေါင်းဖက်နိုင်စေ၊
၁၀။ ရေမြေကွဲပြား၊ ရင်ဝေးသားကို၊ ဆွေဝါးအယှည့်၊ ချစ်အားပြည့်က၊ ရှုကြည့်မြော်ငန်း၊ နှုတ်ဆက်ခွန်းဖြင့်၊
မေးမြန်းနိုင်စေ၊ ခွဲဝေ မှာထား၊ သည်ဆယ်ပါးကို၊ ချစ်အားရှိက မြဲလုံ့လ။
မြတောင်ဆရာတော် စုစည်းတင်ပြသည်။
No comments:
Post a Comment